မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင် တို့ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးခြင်း ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်
မြန်မာနိုင်ငံ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM) နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကော်မရှင်(SECT) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၆-၁၀-၂၀၁၇) ရက်နေ့ ည(၈:၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ Sule Shangri-la Hotel၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအား မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်မှ Secretary-General၊ Mr.Rapee Sucharitakul တို့က လက်မှတ်ရေးထိုး ကြပါ သည်၊၊ အခမ်းအနားသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ နှင့် ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့အာမခံ လုပ်ငန်း၊ မြန်မာ့ရင်းနှီးမြုပ်နှံမှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊မြန်မာ့စီးပွားရေးဘဏ် တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်၊ ထိုင်းစတော့အိပ်ချိန်း၊ Association of Thai Securities Companies၊ Association of Investment Management Companies နှင့် Thai Listed Companies Association တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် SECTက ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေပေးခြင်း ဖြင့် မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ် ထားပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများ ပို့ချပေး ရန်၊SECM ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ကြီးကြပ်ဆောင်ရွက်နိုင်မှုကို ပိုမိုခိုင်မာအား ကောင်းလာ စေရန်၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ တို့၏ အရင်းအနှီးစျေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရန် သာမက အရှေ့တောင် အာရှဒေသနိုင်ငံများ အတွင်း အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရန် ကိုပါ ရည်ရွယ်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (၁၇-၁၀-၂၀၁၇) ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အရင်းအနှီးစျေးကွက်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေသည့် နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို အဆိုပါ ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့ပါသည်။