“အာမခံလုပ်ငန်းနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းဆိုင်ရာ
မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး”
ထိုင်းနိုင်ငံ အာမခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင် (Office of Insurance Commission Thailand) နှင့် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission Thailand) တို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ နှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ထိုင်းနိုင်ငံအာမခံ လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အထွေထွေအတွင်းရေးမှူး ဒေါက်တာဆူသီပွန် ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အာမခံလုပ်ငန်းကြီးကြပ်စစ်ဆေးခြင်း ဆိုင်ရာကိစ္စ ရပ်များ၊ နိုင်ငံခြားအာမခံ လုပ်ငန်းများ သို့ ခွင့်ပြုခြင်းဆိုင်ရာကိစ္စရပ်များ၊ အာမခံ အမျိုးအစားသစ် တိုးချဲ့ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ အာမခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ထိုင်းနိုင်ငံရှိ မောင်ထိုင်း အသက် အာမခံ လုပ်ငန်း၊ ထိုင်းနိုင်ငံ အထွေထွေအာမခံလုပ်ငန်းအသင်းတို့သို့ လိုက်လံပြသရှင်းလင်းကြပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ထိုင်းနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အထွေထွေအတွင်းရေးမှူး မစ္စတာရာပီး ဦးဆောင်သော ကော်မရှင်အဖွဲ့ဝင်များ၊ ထိုင်းစတော့အိပ်ချိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာပါကွန် ဦးဆောင်သော ထိုင်းစတော့အိပ်ချိန်းမှ အကြီးအကဲများနှင့် တွေ့ဆုံ၍ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ထိုင်းစတော့အိပ်ချိန်း၏ လုပ်ငန်းဆောင်ရွက်မှုများ ကို လေ့လာခဲ့ပြီး မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံမှ အကူအညီပေး ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာမခံလုပ်ငန်းနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အပြန် အလှန် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးထားပြီး အာမခံလုပ်ငန်းနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများတွင် စောစီးစွာဖွံ့ဖြိုးတိုးတက်လျှက်ရှိပြီး လုပ်ငန်းများကောင်းစွာ ဖွံ့ဖြိုးတိုးတက်နေသော ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေး တို့အတွက် ရင်းနှီးချစ်ကြည်စွာဖြင့် ကူညီဆောင်ရွက်လျှက်ရှိပါသည်။