မြန်မာငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM)နှင့် International Finance Corporation ( IFC ) တို့မှ ကြီးမှူးကျင်းပသည့် “Corporate Governance Assessment (Based on ASEAN Corporate Governance Scorecard)” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက် နေ့ထိ
မြန်မာငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် International Finance Corporation ( IFC ) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ကုမ္ပဏီ များ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အရင်းအနှီးစျေးကွက် ပိုမိုခိုင်မာလာစေရေးကို အထောက်အကူပြုရန်၊ ငွေချေးသက်သေခံလက်မှတ် စျေးကွက်၌ ရင်းနှီး မြှုပ်နှံသူများအား အကာ အကွယ်ပေးနိုင်ရန်၊ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တို့အကြား ကွာဟနေမှုများကို အာဆီယံ အကဲဖြတ် နည်းလမ်းနှင့်အညီ စိစစ်နိုင်စေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ရန်ကုန်မြို့ရှိ Sule Shangri-la ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၊ ရန်ကုန်စတော့အိတ်ချိန်း (YSX) မှ တာဝန်ရှိသူများ၊ International Finance Corporation (IFC) မှ ကိုယ်စားလှယ်များ၊ အများပိုင်ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများ (၃၂)ခု မှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ International Finance Corporation (IFC) မှ Corporate Governance ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက Corporate Governance ၏ အရေးပါပုံ၊ စတင်ပေါ်ပေါက်ခဲ့သည့် အကြောင်းရင်း၊ အဓိကပါဝင်သူများ၏ အခန်းကဏ္ဍများနှင့် တာဝန်တ္တရား များ၊ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော Corporate Governance အလေ့အထများနှင့် အာဆီယံဒေသတွင်း ကျင့်သုံးနေသည့် အလေ့အထများအား ဆွေးနွေးပို့ချခဲ့ပါသည်။