ကော်ပိုရိတ်စီမံအုပ်ချုပ်မှု

...

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုသည် ကုမ္ပဏီတစ်ခု သို့မဟုတ်အဖွဲ့အစည်းတစ်ခုကို တိကျကောင်းမွန်ပြီး လက်တွေ့ကျသည့် စည်းမျဉ်း/စည်းကမ်းများဖြင့်ပွင့်လင်းမြင်သာမှုရှိစွာ စီမံအုပ်ချုပ်သည့် စနစ်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ကြသည့် ကုမ္ပဏီများ၏ကာလရှည် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှုများအတွက် အများပြည်သူတို့ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကိုဖန်တီးပေးရန်၊ တာဝန်ယူမှု/ တာဝန်ခံမှုများနှင့်ပြည့်စုံသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ထူထောင်ပေးခြင်း ဖြစ်သည်။

ကုမ္ပဏီ/အဖွဲ့အစည်းတစ်ခုစီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင်ကောင်းမွန်ထိရောက်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ငန်း ချဲ့ထွင်ရန်ဖြစ်စေ၊ နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီများ နှင့် ပိုမိုခိုင်မာသောဆက်ဆံရေးကို တိုးမြှင့်ရန်ဖြစ်စေ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ရေးဆွဲရာတွင်ဖြစ်စေကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထကောင်းများကျင့်သုံးရန် အရေးကြီးသည်။

အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများနှင့် စာရင်းဝင်ကုမ္ပဏီကြီးများသည် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ခိုင်မာအားကောင်းမှသာ အလားအလာရှိသော ရှယ်ယာရှင်များက ဈေးကွက်တွင်ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန် စတော့အိပ်ချိန်း (YSX) တွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်သည့်အခါ လွယ်ကူချောမွေ့မည်ဖြစ်ပါသည်။

...
...

ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန်ရန်အတွက် အဓိကအရေးပါသူများ (ဥက္ကဋ္ဌ၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ စာရင်းစစ်ချုပ် နှင့် ရှယ်ယာရှင်များ) အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် SECM မှ ၃-၁၂-၂၀၂၀ ရက်နေ့တွင် “ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဖြစ်ပေါ်စေရေး နှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၀)” နှင့် “စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ ဦးနှင့်အထက်ရှိသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန်အတွက် ဆက်နွယ်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအကြား ပမာဏများပြားသော ရောင်းဝယ် လွှဲပြောင်း ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၃/၂၀၂၀)” တို့ကိုထုတ်ပြန်ထားပါသည်။

ထို့အပြင် မြန်မာကုမ္ပဏီများအနေဖြင့် မိမိတို့ကျင့်သုံးနေသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများကို ကိုယ်တိုင်အကဲဖြတ်ဆန်းစစ်ပြီး မိမိတို့၏ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၊ ငွေချေးသက်‌သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM)၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)နှင့် ရန်ကုန်စတော့အိပ်ချိန်း (YSX) တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံကော်ပိုရိတ် စီမံအုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း ၂၀၁၈ ( မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှုအစီရင်ခံစာ) ကို ဖတ်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။

...