IFC နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သည့် International Finance Corporation (IFC) နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) တို့အကြား မြန်မာနိုင်ငံအတွင်း စီးပွား‌ရေးလုပ်ငန်းများ၏  စီမံအုပ်ချုပ်မှု စည်းမျဉ်းစည်းကမ်းစံများနှင့် အလေ့အထများကို အားကောင်းခိုင်မာလာစေရန် အကူအညီပေးအပ်မည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၁၇-၃-၂၀၁၇) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် International Finance Corporation (IFC) ၏ ဒုတိယဥက္ကဋ္ဌနှင့် ငွေတိုက်ဌာနမှူး Mr.Jingdong Hua တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့စီးပွားရေးဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ International Finance Corporation (IFC) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ၌ IFC က ကော်မရှင်၏ အရာထမ်း၊အမှုထမ်းများအား စီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း၊ စဉ်ဆက်မပြတ်ထုတ်ဖော် အသိပေးကြေညာခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကဲ့သို့ အရင်းအနှီးဈေးကွက်များ၊ ကြီးကြပ်ထိန်းကျောင်းပေးသူများနှင့်သာ သက်ဆိုင်သောအကြောင်းအရာများနှင့်ပတ်သက်၍ အကောင်းဆုံးအလေ့အထများမျှဝေပေးခြင်းတို့ဖြင့် ကော်မရှင်၏စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို ပံ့ပိုးပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စီမံအုပ်ချုပ်မှုစည်းကမ်းထိန်းသိမ်းရေးများကို မြှင့်တင်ပေးရေးအတွက် ကော်မရှင်ကစည်းမျဉ်းသစ်များ ပြန်လည်ဆန်းစစ်ခြင်းကို ပံ့ပိုးပေးရန်၊ IFC နှင့် ကော်မရှင်တို့သည် အများပြည်သူပါဝင်နိုင်မည့် ညီလာခံများနှင့် ဆွေးနွေးပွဲများစဉ်ဆက်မပြတ်ကျင်းပခြင်းမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူများသိရှိစေရန် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ