အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဉ္စမအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲအား Virtual Conferencing စနစ်ဖြင့် ကျင်းပခြင်း

သုံးလတစ်ကြိမ် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိသည့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ပဉ္စမအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက သဘာပတိအဖြစ် ဆောင် ရွက်ပြီး၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာရှိများနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ Myanmar Private Equity and Venture Capital Association (MPE&VCA)၊ ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် စာရင်းဝင်ကုမ္ပဏီများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ကော်မရှင်ဥက္ကဋ္ဌက လက်ရှိဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်အား ထိခိုက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးအပေါ်ထိခိုက်မှုများ လျော့ချနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အား ထုတ်ပြန်ခဲ့ပါကြောင်း၊ ကော်မရှင် အနေ ဖြင့် အရင်းအနှီးဈေးကွက် ရှင်သန်သွက်လက်စေရန် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ ပုံမှန်ကျင်းပ လျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့သည်မှာ ယခုဆို ပဉ္စမအကြိမ်မြောက်သို့ ရောက်ရှိ ပြီးဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာ များ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၌  နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ထပ်မံဆောင်ရွက်မည့် (follow-up) ကိစ္စရပ်များ၊ အီလက်ထရောနစ် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းစာရင်းဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ရန်ကုန်စတော့အိပ်ချိန်းတွင် Pre-listing Board တည်ထောင်နိုင်ရန် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အစရှိသည်တို့အား ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ