ဥက္ကဋ္ဌသဝဏ်လွှာ
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၌ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်းဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းကို ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဖတ်(စ်) မြန်မာအင်ဗက်(စ်)မဲ့(န်) အများနှင့်သက် ဆိုင်သည့် ကုမ္ပဏီ လီမိတက်၏အစုရှယ်ယာများကို ၂၅.၃.၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယစာရင်းဝင် ကုမ္ပဏီဖြစ်သော မြန်မာ သီလဝါအက်(စ်) အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၀.၅.၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ တတိယစာရင်းဝင် ကုမ္ပဏီဖြစ်သော မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၆.၈.၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထစာရင်းဝင် ကုမ္ပဏီဖြစ်သော ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ အစုရှယ်ယာများကို ၂၀.၁.၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ပဉ္စမစာရင်းဝင် ကုမ္ပဏီဖြစ်သော တီအမ်အိတ်ချ် ဆက်သွယ်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို ၂၆-၁-၂၀၁၈ ရက်နေ့တွင် လည်းကောင်း၊ ဆဋ္ဌမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်သော ထာဝရနဒီအုပ်စု ကုမ္ပဏီများ (အများနှင့် သက်ဆိုင်သော) လီမိတက်၏ အစုရှယ်ယာများကို ၂၈-၅-၂၀၂၀ရက်နေ့တွင်လည်းကောင်း၊ သတ္တမမြောက်စာရင်းဝင် ကုမ္ပဏီဖြစ်သော အမတ ဟိုး(လ်)ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို၃-၆-၂၀၂၁ရက်နေ့တွင် လည်းကောင်း၊ အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်သော မြန်မာအက်ဂရိုအိတ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏အစုရှယ်ယာများကို ၃-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း စာရင်းဝင် အစုရှယ်ယာများ အဖြစ် ဈေးကွက်သို့ စတင်ရောင်းဝယ်ခွင့်ပြုခဲ့သည်။
ယခုအခါ အများနှင့်သက်ဆိုင်သောကုမ္ပဏီများအတွက် စာရင်းဝင်ရန်အခွင့်အလမ်းပေါ်ပေါက်လာစေရန် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက်ကို Pre-Listing Board-PLB အမည်ဖြင့် ဒုတိယဈေးကွက်ကို တည်ထောင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အား ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ပြီး အစုရှယ်ယာများစတင်ရောင်းချရန် ခွင့်ပြုပေးခဲ့ပါသည်။
ကော်မရှင်၏ အမိန့်ကြော်ငြာစာ (၁/၂၀၂၃) ၏ အပိုဒ် ၁၀ နှင့်အညီ မှတ်ပုံတင်အကြံပေးအဖြစ် လျှောက်ထားလာသည့် Trust Venture Partners Co.,Ltd ၊ Maximax Solution Services Co.,Ltd ၊ Myanmar Enterprise Solutions Co.,Ltd နှင့် Competency Business Solutions Co.,Ltd တို့ကို မှတ်ပုံတင်အကြံပေးအဖြစ် ခွင့်ပြုပေးခဲ့ပါသည်။
အများပိုင်ကုမ္ပဏီများအနေဖြင့် ဒုတိယဈေးကွက်တွင် ဝင်ရောက်မှတ်ပုံတင်ရောင်းဝယ်ခြင်းဖြင့် ယင်းကုမ္ပဏီများ၏ စာရင်းစစ်၊ စာရင်းကိုင်စံများ၊ သတင်းအချက်အလက်ဖွင့်ဟကြေငြာမှုစနစ်များ၊ ကောင်းမွန်သည့်ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်များကို Pre-Listing Board ရောင်းဝယ်နေစဉ် အတွင်း မူလဈေးကွက် (Main Board) အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်နိုင်မည်ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း ရင်းနှီးမြှုပ်နှံမှုအခွင့် အရေးပိုမိုရရှိလာမည်ဖြစ်သည်။
