ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တည်ထောင်ဖွင့်လှစ်ခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တည်ထောင်ဖွင့်လှစ်ခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်မှပေးအပ်ချီးမြှင့်သော ဝဏ္ဏကျော်ထင်ဘွဲ့ရရှိခဲ့သည့် ကော်မရှင်အဖွဲ့ဝင် ၁ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိခဲ့သည့် ညွှန်ကြားရေးမှူး ၁ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်း ၆ ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်သော အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၂၅) တွင် သင်တန်းသားဒုတိယဆုနှင့် သေနတ်ပစ်ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်း ၁ ဦး၊ အရာထမ်းငယ်လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) တွင် အကောင်းဆုံးသင်တန်းသားဆုရရှိခဲ့သည့် ဝန်ထမ်း ၁ ဦး၊ ၂၀၂၃ ခုနှစ်အတွင်း အကောင်းဆုံးဝန်ထမ်းဆုရရှိခဲ့သည့် ဝန်ထမ်း ၁ ဦး၊ ၂၀၂၃ ခုနှစ်အတွင်း ခွင့်ခံစားခြင်းမရှိဘဲ လုပ်ငန်းတာဝန်များထမ်းဆောင်ခဲ့သည့် ဝန်ထမ်း ၄ ဦး နှင့် ကော်မရှင်ရုံး တည်ထောင်ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့်တွင် အမျိုးသားသွေးလှူဘဏ်၌ သွေးလှူဒါန်းခဲ့ကြသည့် ဝန်ထမ်း ၁၀ ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင့်အဖွဲ့ဝင်များ၊ အငြိမ်းစားယူသွားသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြကာ အခမ်းအနားကို နံနက် ၁၁:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ