ရန်ကုန်စတော့အိပ်ချိန်းတွင် Myanmar Agro Exchange Public Co.,Ltd အား စာရင်းဝင်ကုမ္ပဏီအဖြစ်လက်ခံခြင်း အခမ်းအနားကျင်းပ

မြန်မာအက်ဂရိုအိပ်ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Co.,Ltd) ကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ်လက်ခံသည့်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် စတင်တည်ထောင်ချိန်မှ ရှစ်နှစ်တာကာလအတွင်း ရန်ကုန်စတော့အိပ်ချိန်းတွင် ယနေ့စာရင်းဝင်သည့် မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX)အပါအဝင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှတစ်ဆင့် အရောင်းအဝယ်များပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်မားလာစေရန် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းကြီးများက လုပ်ငန်းဆောင်ရွက်ကြရာတွင် ကာလရှည်ငွေကြေးအရင်းအနှီးသည်
မရှိမဖြစ်လိုအပ်သဖြင့် လိုအပ်လျက်ရှိသည့်ကာလရှည် ငွေကြေးအရင်းအနှီးများကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း၊ ငွေချေးစာချုပ်များထုတ်ဝေရောင်းချခြင်း တို့ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊

တစ်ဖက်တွင်လည်း အစုရှယ်ယာများဝယ်ယူရင်းနှီးမြှုပ်နှံကြသော အများပြည်သူများအနေဖြင့် ကုမ္ပဏီကခွဲဝေပေးသည့်  အမြတ်ဝေစုများရရှိနိုင်ခြင်း၊ ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အရင်းအနှီးဈေးကွက်တွင် ရောင်းဝယ်ခြင်းမှတစ်ဆင့် ငွေဖြစ်လွယ်မှုဖြစ်ပေါ်စေခြင်းနှင့် ရှယ်ယာများပြန်လည်ရောင်းချခြင်းမှ အမြတ်အစွန်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ ၂၇၀ ကျော်ရှိပြီး ရှယ်ယာရှင် ၁၀၀ နှင့်အထက် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ ၄၆ ခုရှိကြောင်းသိရှိရပြီး ယင်းကုမ္ပဏီများအား ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသောစီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်ရန်သင့်လျော်သော ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ အထူးကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ထူထောင်၍အစီအမံများချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက်ရန်ကုန်စတော့အိပ်ချိန်း မန်နေးဂျင်းဒါရိုက်တာ ဦးဝင်နိုင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌဦးဝင်းအောင်က ကုမ္ပဏီ၏လုပ်ငန်းများနှင့်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်စတော့အိပ်ချိန်းက မြန်မာအက်ဂရိုအိပ်ချိန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်ထံစာရင်းဝင် အသိအမှတ်ပြုလက်မှတ်ကိုပေးအပ်သည်။

ဆက်လက်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ရန်ကုန်စတော့အိပ်ချိန်း အုပ်ချုပ်မှုဒါရိုက်တာနှင့် မြန်မာအက်ဂရိုအိပ်ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌတို့သည် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ခြင်းအထိမ်းအမှတ်အောင်ဇေယျတု ခေါင်းလောင်းကိုတီးခတ်ကြသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ရင်းနှိးမြှုပ်နှံသူဦးရေ ၄၅၃၀၃ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီ ခုနှစ်ခု၏ရှယ်ယာစုစုပေါင်း ၁ ဒဿမ ၇၇ သန်း (တန်ဖိုးငွေကျပ် ၇ ဒဿမ ၅ ဘီလီယံ) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးငွေကျပ် ၆၄၃ ဒဿမ ၄၇ ဘီလီယံရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းများ