အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ဂျပန် ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးအား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတွင် ကျင်းပ
၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ တွင် အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖွဲ့စည်းထားသော မြန်မာ-ဂျပန် ပူးတွဲ ကော်မတီ၏ ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့ အိပ်ချိန်းမှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ SECM ၊ CBM ၊ DICA နှင့် IRD တို့တွင် ခန့်အပ်ထားသည့် ဂျပန်နိုင်ငံမှ အကြံပေးပုဂ္ဂိုလ်များ၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်အိပ်ချိန်းဂရု(ပ်)၊ ဘဏ္ဍာရေး ဝန်ဆောင်မှုကြီးကြပ်ရေးဌာန၊ ဒိုင်ဝါ သုတေသနအဖွဲ့တို့မှ တာဝန်ရှိ သူများစုံညီစွာ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် JICA ငွေကြေးပံ့ပိုးမှုဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် ဖွဲ့စည်းထားသည့် Special Task Force ၏လုပ်ငန်းတိုးတက်မှု အခြေ အနေအားပြန်လည် သုံးသပ်ခြင်း၊ ယခုနှစ်ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့သည့် မြန်မာ-ဂျပန်ပူးတွဲကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုတိုးတက်မှု အခြေအနေ၊ အထူး လုပ်ငန်းအဖွဲ့မှစာရင်းဝင် ကုမ္ပဏီအဖြစ်ဝင်ရောက်ရန် အလားအလာရှိသော ကုမ္ပဏီများထံသို့ ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရန်ကုန်စတော့ အိပ်ချိန်းတွင်ဖွဲ့စည်းထားသည့် အကြံပေးလုပ်ငန်း အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနခွဲ၏လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ၏လစဉ် လုပ်ငန်း တိုးတက်မှု အခြေအနေများ၊ JICA ၏ အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံသို့ ပညာသင်စေလွှတ်မည့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့မှ သင်တန်းသားများ၏ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေ စသည့်ကိစ္စရပ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။