“ထွန်းသစ်စအာရှနိုင်ငံများတွင် အရည်အချင်းပြည့်မီသော ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးဆွေးနွေးပွဲ” ကျင်းပ

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် ထွန်းသစ်စအာရှနိုင်ငံများတွင် အရည်အချင်းပြည့်မီသော ငွေချေးသက်သေခံလက်မှတ် ဈေးကွက်များဖွံ့ဖြိုးတိုးတက်လာစေရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌကိုယ်စား၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ Financial Sector Specialist ဖြစ်သူ Mr. Kosintr Puongsophol က ဆွေးနွေးပွဲ တက်ရောက်လာကြသည့်ကိုယ်စားလှယ်များကိုရင်းနှီးပွင့်လင်းစွာ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်စသည့် ငွေရေး ကြေးရေးဈေးကွက်စည်းမျဉ်း စည်းကမ်းထိန်းကျောင်း သူများ၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဖိတ်ကြားထားသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆွေးနွေးပို့ချမည့်ပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အရေးပါသည့်အစုရှယ်ယာများ အများပြည်သူသို့ကနဉီးကမ်းလှမ်းရောင်းချခြင်းနှင့် စတော့ အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာများရောင်းဝယ်ခြင်း တို့နှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင်ကျင့်သုံးနေသည့်အလေ့ အထကောင်းများ၊ ငွေချေးသက်သေခံလက်မှတ်ဈေးကွက် အပေါ်ရင်းနှီးမြှုပ်နှံသူများစိတ်ပါဝင်စားလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေး နိုင်ရန်ဒေသတွင်း နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာ နည်းစနစ် များ၊ အရင်း အနှီးဈေးကွက် တည်တံ့ခိုင်မြဲမှု အားကောင်းလာစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဖွင့်ဟထုတ်ဖော်မှုနှင့်စောင့်ကြည့်စစ်ဆေး မှုဆိုင်ရာ နည်းစနစ်များ၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်အပေါ်အခြေခံသည့် ဘဏ္ဍာငွေဖြည့်ဆည်းပေးခြင်း ဆိုင်ရာ နည်းလမ်းသစ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ