အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲအား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပပြုလုပ်

မြန်မာနိုင်ငံ၏အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စတုတ္ထအကြိမ်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို(၈-၂-၂၀၂၀)ရက်(စနေနေ့)၊ နံနက် (၀၉:၀၀)နာရီတွင် ရန်ကုန်မြို့၊ ငွေချေးသက် သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေးသက် သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဦးမောင်မောင်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ဂျပန်သံရုံးနှင့် JICAမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင် များအသင်း၊ Myanmar Private Equity and Venture Capital Association၊ ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့မှှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲ သဘာပတိအဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ဆောင်ရွက် ပါသည်။ သဘာပတိက အဖွင့်အမှာစကား ပြောကြားရာတွင် စတော့ဈေးကွက် ဖွံ့ဖြိုးတိုးတက် စေရန်နှင့် စတော့ရှယ်ယာဈေးကွက် အတွင်းရှိနေသော စိန်ခေါ်မှုများ၊ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် စားပွဲဝိုင်း ဆွေးနွေးပွဲကို (၃)လ တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ရာ  အခုအကြိမ်သည်  (၄) ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲတွင် အစိုးရဌာနများ တင်ဒါခေါ် ယူသည့်အခါ စာရင်းဝင်ကုမ္ပဏီများတွင် အရည်အချင်းကို ထည့်သွင်း စဉ်းစားရေးကိစ္စ၊ အစိုးရ၏ ပစ္စည်းဝယ်ယူမှု စည်းမျဉ်းစည်းကမ်းနှင့်လုပ်ထုံး လုပ်နည်း ထည့်သွင်းဖော်ပြရန်ကိစ္စ၊ ၊ စာရင်းဝင် ကုမ္ပဏီတွေမှာ ဝင်ငွေခွန် လျော့ပေါ့ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထည့်သွင်းသင့်သော မဟာဗျူဟာ ကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရန်ကုန် စတော့အိပ်ချိန်းမှာ နိုင်ငံခြားသားများ ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုရေးကိစ္စ၊ ငွေချေးသက်သေခံလက် မှတ်များ အရောင်းအဝယ် ပြုလုပ်ရာတွင် အခွန်ကောက်ခံမည့်နည်းစနစ်၊ ရန်ကုန်စတော့ အိပ်ချိန်းမှာ စာရင်းမဝင်ရသေးသည့် အများပိုင် ကုမ္ပဏီတွေအတွက် Pre-listing Board တည်ထောင်ရန် ဆောင် ရွက်ထားမှု အခြေအနေနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတစ်ခုချင်းစီက Key Performance Indicators များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဆွေးနွေး ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ  တိုက်ရိုက်အကောင်အထည် ဖော်နိုင်သည့်ကိစ္စများရှိသလို ထပ်မံဆွေးနွေးရန်ရှိသည့် ကိစ္စများလည်း ရှိနိုင်ကြောင်း၊ ယင်းတို့ကို ရေတိုရေရှည် အစီအမံများချမှတ်၍ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲကို  အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

ရန်ကုန်စတော့အိပ်ချိန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ များကို စတင်ရောင်းဝယ်ခဲ့ရာ ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၅)ခုတို့က ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ(၆)ခုတို့မှတစ်ဆင့် နေ့စဉ် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ထပ်မံဝင်ရောက်လာမည့် စာရင်း ဝင်ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက် များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ