(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေး

(၃၇)ကြိမ်မြောက်အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဌများအစည်းအဝေးနှင့် ယင်းအစည်းအဝေးနှင့်ဆက်စပ်ကျင်းပသော အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (37th ASEAN Capital Markets Forum-ACMF Chairs’ Meeting and International Conference) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးနှင့် နှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာခေါင်းစဉ်များအလိုက်ပါဝင်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(၃၇) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဌများအစည်းအဝေးတွင် သဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်‌ရေး ကော်မရှင်ဥက္ကဌ Mr.SOU Socheat က လည်းကောင်း၊ ပူးတွဲသဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးအေဂျင်စီမှ Chief Executive Officer  Mr.Inarno  Djajadi  က လည်းကောင်း  ဆောင်ရွက်ပြီး  အာဆီယံနိုင်ငံများမှ   အရင်းအနှီးဈေးကွက် ကြီးကြပ်ရေးကော်မရှင်  အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယင်းအစည်းအဝေးတွင် အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ စွမ်းဆောင်ရည်ပိုမိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပနိုင်ရေး၊ လုပ်ငန်းခွင်သင်တန်းများ အပြန်အလှန်စေလွှတ်နိုင်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုစံနှုန်း‌အခြေခံများဖြစ်သော  ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်တွင်  ကျင့်သုံးနေသည့်  အာဆီယံငွေချေးစာချုပ်စံနှုန်းများနှင့်  သက်ဆိုင်သော ဦးစားပေးဆောင်ရွက်မည့်  ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုဆွဲဆောင်မှုရှိစေရန်  စုပေါင်းရင်းနှီးမြှုပ်နှံမှုမူဘောင်တွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများ  ပိုမိုပါဝင်လာစေရေးဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံဒေသတွင်း နိုင်ငံများရှိ စတော့အိတ်ချိန်းစာရင်းဝင်   ကုမ္ပဏီများကို   ကော်ပိုရိတ်စီမံအုပ်ချုပ်မှု   အကဲဖြတ်ဆန်းစစ်ချက်အရ အပြီးသတ်ရေးချယ်ခြင်းခံရသည့်ကုမ္ပဏီများကို  ဖိလစ်ပိုင်နိုင်ငံ၌  ၂၀၂၂  ခုနှစ်၊ဒီဇင်ဘာ ၁ ရက်၌  ဆုချီးမြှင့်ခြင်းအခမ်းအနား  ကျင်းပမည့်ကိစ္စရပ်များ၊  အာရှဖွံ့ဖြိုးရေးဘဏ်မှ  အာဆီယံအရင်းအနှီးဈေးကွက်များ  ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ‌ဆွေးနွေးခဲ့ကြပြီး အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အလှည့်ကျဥက္ကဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးမြှင့်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကြီးကြပ်ရေးအာဏာဒုတိယဥက္ကဋ္ဌ H.E Mr.Ros Seilave ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr.SOU Socheat နှင့် အာရှဖွံ့ဖြိုးရေး အရှေ့တောင်အာရှဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Winfried F. Wicklein တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးမှသဘောတူညီခဲ့သည့် The Sustainability- Linked Bonds Standards, The ASEAN Sustainable and Responsible Fund Standards, The ASEAN CIS Digital Repository နှင့် Legal  Wrappers for the SDG Bond Toolkit တို့ကို အာဆီယံ ၁၀ နိုင်ငံမှ ကော်မရှင်အကြီးအကဲများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြကြောင်းနှင့် ဒေသတွင်းများနှင့် နိုင်ငံတကာမှအရင်းအနှီးဈေးကွက်ဆိုင်ရာ ပညာရှင်များနှင့်ဈေးကွက်ကျွမ်းကျင်သူများပါဝင်သော စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုဖိုရမ်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် လုပ်ငန်းစဉ်များကိုလာမည့်နှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပပြုလုပ်မည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး တင်ပြမည်ဖြစ်ကြောင်းနှင့် အာဆီယံအရင်းအနှီးဈေး စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသူများ (Regulators) ၏ အဆင့်မြင့်ဆွေးနွေးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ