ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတိုး

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၆) ခု ရှိရာ ယခုအခါ သတ္တမမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ်  AMATA  Holding  Public Co., Ltdကို ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါကုမ္ပဏီ၏ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်သည့် အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ ၊ ၂၀၂၁ ခုနှစ်နံနက် ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ အမှတ်၊ ၂၄-၂၆ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ COVID – 19  ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ရန်ကုန်စတော့အိပ်ချိန်းမှဒါရိုက်တာအဖွဲ့ဝင်များ၊ AMATA Holding Public Co., Ltd ဥက္ကဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ စာရင်းဝင်ကုမ္ပဏီများ (Listed Companies) မှ  အကြီးအကဲများ၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ  ( Securities  Companies ) မှ   ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း (၃၆) ဉီး တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဖွင့်အမှာစကား ပြောကြားရာ၌ AMATA Holding Public Co.,Ltd သည် ၂၇-၆-၂၀၁၇ ရက်နေ့တွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင် ခဲ့ပြီး နောက် ၂၀၂၀  ပြည့်နှစ်တွင် ရန်ကုန်စတော့ အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လျှောက်ထားလာသဖြင့်  စာရင်းဝင်စံနှုန်းများ၊ ငွေချေး သက်သေခံလက်မှတ်များ စာရင်းတင် သွင်းခြင်းဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ  နှင့်အညီ စာရင်းဝင် စစ်ဆေးခြင်းလုပ်ငန်းများကို စိစစ်ဆောင်ရွက်ခဲ့ပြီး  ရန်ကုန်စတော့အိပ်ချိန်းက မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ ဆက်လက်ထောက်ခံ တင်ပြခဲ့သဖြင့် ကော်မရှင်က ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ခွင့်ပြုပေးခဲ့ပါ ကြောင်း၊ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီပေါင်း (၇) ခုရှိပြီဖြစ်ပါကြောင်း၊ စာရင်းဝင်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊  အပန်း ဖြေဟိုတယ်များ၊ လူစီးမီးပုံးပျံဝန်ဆောင်မှု လုပ်ငန်း များ ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်သည်   ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က  ဈေးကွက်ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျထိန်းကျောင်းထားရှိသည့်အတွက် အများပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် ဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏အရင်းအနှီးဈေးကွက်တွင် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံခြား သားများလည်း ပါဝင်ရင်းနှီးမြှုပ်နှံကြလျှက်ရှိကြောင်း၊ အများပြည်သူ အလွယ်တကူ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်ရန် Online မှတစ်ဆင့် Securities Account ဖွင့်လှစ်၍ အရောင်း အဝယ် ဆောင်ရွက်နိုင် ရန်လည်း ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ကော်မရှင်သည်ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများနှင့်အစုရှယ်ယာရှင်(၁၀၀) အထက် ရှိသည့် အများပိုင်ကုမ္ပဏီများလိုက်နာရမည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်ကြော်ငြာစာကိုလည်း ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် အများပိုင် ကုမ္ပဏီငယ်များ ဝင်ရောက်လာနိုင်စေရန် Pre-Listing Board တစ်ခုကို ထူထောင်နိုင်ရန်လည်း သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်စတော့ အိပ်ချိန်းတွင် သတ္တမ မြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ပါဝင်လာပြီဖြစ်သည့် AMATA Holding Public Co., Ltd ၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့်ရှယ်ယာရှင်များကိုယ်စား ဂုဏ်ယူဝမ်းမြောက် ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

ထို့နောက် AMATA Holding Public Co., Ltd ဥက္ကဌ ဉီးဝင်းအောင်က ကုမ္ပဏီ၏လုပ်ငန်း များနှင့်စီမံခန့်ခွဲမှုတို့နှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး  စာရင်းဝင်ရောက် နိုင်ရန် စိစစ်ဆောင်ရွက် ပေးခဲ့သည့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ရန်ကုန်စတော့ အိပ်ချိန်းတို့အား အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားပါသည်။ ထို့နောက် ကော်မရှင် ဥက္ကဋ္ဌက ကုမ္ပဏီသို့ စာရင်းဝင်အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ပြီး မင်္ဂလာအချိန်တွင် အောင်ဇေယျတု ခေါင်းလောင်း တီးခတ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ