အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ဂျပန် ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင်   အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွဲ့စည်းထားသော   မြန်မာ-ဂျပန် ပူးတွဲ  ကော်မတီ၏   ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်း အဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်ကော်မရှင်အဖွဲ့ဝင်များ ၊ ရန်ကုန်စတော့ အိပ်ချိန်းမှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ SECM ၊ CBM ၊ DICA နှင့် IRD တို့တွင် ခန့်အပ်ထားသည့် ဂျပန်နိုင်ငံမှ အကြံပေးပုဂ္ဂိုလ်များ၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်အိပ်ချိန်းဂရု(ပ်)၊ ဘဏ္ဍာရေးဝန်ဆောင်မှုကြီးကြပ်ရေးဌာန၊ ဒိုင်ဝါသုတေသနအဖွဲ့တို့မှ တာဝန်ရှိ သူများစုံညီစွာ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် JICA ငွေကြေးပံ့ပိုးမှုဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင်ဖွဲ့စည်းထားသည့် Special Task Force ၏လုပ်ငန်းတိုးတက်မှု အခြေ အနေအားပြန်လည် သုံးသပ်ခြင်း၊ ယခုနှစ်ဇန်နဝါရီလတွင်ဖွဲ့စည်းခဲ့သည့် မြန်မာ-ဂျပန်ပူးတွဲကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုတိုးတက်မှု အခြေအနေ၊ အထူး လုပ်ငန်းအဖွဲ့မှစာရင်းဝင် ကုမ္ပဏီအဖြစ်ဝင်ရောက်ရန် အလားအလာရှိသော ကုမ္ပဏီများထံသို့ ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရန်ကုန်စတော့အိပ်ချိန်းတွင်ဖွဲ့စည်းထားသည့် အကြံပေးလုပ်ငန်းအခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနခွဲ၏လုပ်ငန်းတိုးတက်မှုအခြေအနေများ ၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ၏လစဉ် လုပ်ငန်း တိုးတက်မှု အခြေအနေများ၊ JICA ၏ အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံသို့ ပညာသင်စေလွှတ်မည့် ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့မှ သင်တန်းသားများ၏ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ စသည့်ကိစ္စရပ်များအား ဆွေးနွေး ညှိနှိုင်း
ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ