အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်”ပထမအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲ” ကျင်းပ

၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်၍ မြန်မာနိုင်ငံအရင်းအနှီးစျေးကွက်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ပထမအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲ” အား ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ ၊ရန်ကုန်စတော့ အိပ်ချိန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊  စာရင်းဝင် ကုမ္ပဏီများ နှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှတာဝန်ရှိသူများ စုစုပေါင်း (၃၅) ဦးခန့်  တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အရင်းအနှီးစျေးကွက်တွင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများခွင့်ပြုရေး နောက်ဆုံးဆောင်ရွက်မှု အခြေအနေနှင့် ရန်ကုန်စတော့အိပ်ချိန်းတွင် ဖွဲ့စည်းထားသည့် Special Task Force (STF) ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ