ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက် ဖြစ်ပေါ်ရေးနှင့်စပ်လျဉ်း၍ SECM နှင့် International Finance Corporation (IFC) တို့ Advisory Engagement Letter လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံတွင် ကုမ္ပဏီ၊ အဖွဲ့အစည်းများကထုတ်ဝေသော ကော်ပိုရိတ်ငွေချေးစာချုပ် ဈေးကွက်အစပျိုးဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဆူးလေရှန်ဂရီလာဟိုတယ်၊ ရန်ကုန်မြို့၌  မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီး ကြပ်ရေးကော်မရှင် နှင့် IFC တို့အကြား နည်းပညာ အကူအညီပေးရန် ကမ်းလှမ်းသည့်စာလွှာ (Advisory Engagement Letter) အား လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါစာလွှာကို မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ကိုယ်စား ဥက္ကဋ္ဌ ဉီးမောင်မောင်ဝင်း နှင့်  IFC ကိုယ်စား Country Manager for Myanmar (Acting) ဖြစ်သူ Ashani Chanuka Alles တို့က လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပါသည်။

အဆိုပါ နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့်စီမံချက်မှာ သက်တမ်းအားဖြင့် (၃) နှစ်၊ (၇) လကြာမြင့်မည်ဖြစ်ပြီး၊ အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအဆင့်တွင် ကော်ပိုရိတ်ငွေချေးစာချုပ်ထုတ်ဝေရာတွင် အသုံးပြုရမည့် ပုံစံများ ပြုစုရေးဆွဲပေးပြီး ကနဦးစမ်းသပ်ထုတ်ဝေမှု (Pilot Project) ဆောင်ရွက်ခြင်း နှင့် ဒုတိယအဆင့်တွင် Qualified Investor များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သောဈေးကွက်ဖြစ်သည့် Wholesale Corporate Bond Market ကို ဖော် ဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီး၊ တတိယအဆင့်တွင် ပထမအဆင့် နှင့် ဒုတိယအဆင့်များ၏ အကောင်အထည်ဖော်နိုင်မှုနှင့် ဈေးကွက်၏ တောင်းဆိုမှုအပေါ်တွင် မူတည်၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ အကြံပေးမှုဆိုင်ရာ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏  ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာငွေလိုအပ်ချက်များကို ရှာဖွေနိုင်မည့်နည်းလမ်းများ တိုးတက်လာစေခြင်း၊ နိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များဖွံ့ဖြိုးလာခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ