ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ သက်ပြည့်အငြိမ်းစားယူမည့်ဝန်ထမ်းများအား ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦးတို့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ၁၄:၀၀ နာရီ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က သက်ပြည့်တာဝန်ထမ်းဆောင်ခြင်းသည် အင်မတန်ခက်ခဲပြီးရှည်လျားသည့် ခရီးလမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းစသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၎င်း၏တာဝန်ထမ်းဆောင်ခဲ့မှုအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ကာ သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦး နှင့် လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦး တို့အား ကော်မရှင်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ၁၅:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ