ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင်ကုမ္ပဏီများ လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြိုဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းဝင်အကြိုဈေးကွက်တွင်  အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင်ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြိုဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Roundtable Discussion on Pre- Listing Board-PLB) ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်စတော့အိတ်ချိန်းပင်မခန်းမ၌ ကျင်းပသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင်ရုံး၊ ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများနှင့် အများပိုင်ကုမ္ပဏီများမှဥက္ကဋ္ဌများ ၊ အမှုဆောင်အရာရှိချုပ်များတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင်၊ စာရင်းဝင်အကြိုဈေးကွက် Pre- Listing Board-PLB ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စများကို အသေးစိတ်ရှင်းလင်းဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင်းလင်းလင်းဆွေးနွေးမေးမြန်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက စာရင်းဝင်အကြိုဈေးကွက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏မေးမြန်း ဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်သုံးသပ်ဆွေးနွေးသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ၈ ခု ၏ ရှယ်ယာများနေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၉၃၄ ဦးရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၆လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၈ ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၉၄၅ သန်း၊ တန်ဖိုးငွေကျပ် ၄ ဒသမ ၇၄ ဘီလီယံအရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၇၄၉ ဒသမ ၇၇၂ ဘီလီယံရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ