မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနဥပဒေအကြံပေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကော်မရှင်အနေဖြင့် ဈေးကွက်တွင်ပါဝင်သူများအား စည်းမျဉ်းထိန်းကျောင်းမှုသာမက ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန်၊ အခြားငွေချေးသက်သေခံလက်မှတ်အမျိုးအစားများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် လက်ရှိအစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ၏ ဒုတိယဈေးကွက် (Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးသာမက အခြားအာဆီယံနိုင်ငံများကဲ့သို့ Green Bond/Social Bond စသည်ဖြင့် ထုတ်ဝေရောင်းချမှုများကိုလေ့လာ၍ ကော်ပိုရိတ်ငွေချေးစာချုပ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည်များပြင်ဆင်ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်မှ MSME များ၊ ရန်ပုံငွေရရှိရေးအတွက် စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် ဆောင်ရွက်နိုင်ရေးပံ့ပိုးပေးရန်၊ ထို့ပြင် လက်ရှိဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်၍ ဈေးကွက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့်ပုဒ်မများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးသုံးသပ်ရန်နှင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ချက်များကိုလေ့လာ၍ မိမိနိုင်ငံတွင် အဆိုပါဈေးကွက်များဖွံ့ဖြိုးတိုးတက်လာရေးအတွက် မည်သို့ဆောင်ရွက်မည်ကို သုံးသပ်တင်ပြရန်လိုကြောင်း၊ ကော်မရှင်မှ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်တွင် ပုံမှန်ပါဝင်တက်ရောက်ခြင်းဖြင့် ဒေသတွင်းဆောင်ရွက်ချက်များကို မျက်ခြည်မပျက်လေ့လာပြီး သုတေသနပြုလုပ်၍ ဆောင်ရွက်သင့်သည်များကို တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများသို့ သွားရောက်စစ်ဆေးမှုတွေ့ရှိချက်များ၊ ငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်ရောင်းဝယ်မှုအခြေအနေ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX) စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်အခြေအနေနှင့် စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအခြေအနေများကို တင်ပြဆွေးနွေးရာ အဖွဲ့ဝင်များကပြန်လည်ဆွေးနွေးကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ