မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၇/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အရင်းအနှီးဈေးကွက် (Capital Market) သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိက အရေးပါသည့် မောင်းနှင်အားတစ်ခုဖြစ်၍ နိုင်ငံအသီးသီးက အရင်းအနှီးအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အရင်းအနှီးဈေးကွက်အတွက် မရှိမဖြစ်လိုအပ်သည့် ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ စာရင်းဝင်ကုမ္ပဏီခုနှစ်ခု၏ ရှယ်ယာများအား နေ့စဉ်ရောင်း/ဝယ်လျက်ရှိကြောင်း။

တစ်ဖက်တွင်လည်း ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယဈေးကွက် (Secondary Market) ကို ထူထောင်ဆောင်ရွက်ခဲ့ရာ ယင်းဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံ၏ အရင်းအနှီးဈေးကွက်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူနှင့် အရင်းအနှီးဈေးကွက်စုဆောင်းသူများမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေးကြောင်းကို တွေ့ရကြောင်း။

အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ တိုးတက်လာစေရေးသည် အဓိကအရေးကြီးသည့်အပြင် အရေအတွက်တိုးလာသည်နှင့်အမျှ အရည်အသွေးကောင်းမွန်ပြီး ခိုင်မာသည့် အများပိုင်ကုမ္ပဏီများဖြစ်ရန်လည်း လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူပြည်သူများအနေဖြင့် မိမိတို့၏ စုဆောင်းငွေများကို ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများအား ဝယ်ယူ/ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်မည့် အခွင့်အရေးနှင့် အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။

အများပိုင် (အများပြည်သူထံမှ ရှယ်ယာခေါ်ယူ၍) ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြသူ နည်းပါးသဖြင့် စာရင်းဝင်အများပိုင်ကုမ္ပဏီများ ဖြစ်လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်ဖြန့်ဝေပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စတော့အိတ်ချိန်းသည် အများပိုင်ကုမ္ပဏီများကို စာရင်းဝင်ကုမ္ပဏီအဖြစ်လက်ခံ၍ ယင်းတို့၏ ရှယ်ယာများကိုလက်ခံ ရောင်းဝယ်ပေးခြင်းဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေအပေါ်တွင်သာ မှီခိုနေခြင်းမပြုဘဲ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ကြပြီး နိုင်ငံတကာစံချိန်စံညွှန်းမီ လုပ်ဆောင်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရန် ကော်မရှင်အနေဖြင့် ဆောင်ရွက်သင့်သည်များကို မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း။

စာရင်းဝင်ကုမ္ပဏီများတိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board-PLB) ကို ဒုတိယဈေးကွက်အဖြစ် ထူထောင်ခွင့်ပြုထားပြီးဖြစ်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လက်ရှိစာရင်းဝင်စံသတ်မှတ်ချက်များကို လျှော့ချပြီးအနည်းဆုံးလိုအပ်ချက်များဖြင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် (Secondary Bond/ Bill Market) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်တွင်ပါဝင်ပတ်သက်သူ Stakeholder များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီခုနှစ်ခု၏ ရှယ်ယာများကိုငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ခြောက်ခုမှတစ်ဆင့် ရောင်းဝယ်လျက်ရှိပြီး အဆိုပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့်လှစ်ထားသူဦးရေမှာ ၄၄၈၀၉ ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒဿမ ၁ ရာခိုင်နှုန်းရှိကြောင်း စာရင်းဝင်ကုမ္ပဏီခုနှစ်ခု၏ ဇူလိုင်လကုန်ရှိဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ငွေကျပ် ၅၈၁ ဒဿမ ၅၁၅ ဘီလီယံရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ