ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၆/၂၀၂၅ ကြိမ်မြောက် ကော်မရှင် အစည်းအဝေးကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၆/၂၀၂၅ ကြိမ်မြောက်ကော်မရှင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၃:၀၀ အချိန်တွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) နေပြည်တော်တွင် ကျင်းပခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့က အကောင်အထည်ဖော်လျက်ရှိသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရေးဆွဲရာတွင်လည်း ပူးပေါင်း၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အရင်းအနှီးဈေးကွက်တွင် အစုရှယ်ယာဈေးကွက်နှင့် ငွေချေးစာချုပ်ဈေးကွက်ပါဝင်သဖြင့် အစိုးရငွေချေးစာချုပ်ဈေးကွက်အပြင် ကော်ပိုရိတ်ငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများတွင်ခေတ်အခြေအနေနှင့် ဆီလျော်မှုမရှိတော့သည့်အချက်များအား ပြန်လည်ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဥပဒေ၊ နည်းဥပဒေအရ ထုတ်ပြန်ထားပြီးဖြစ်သည့် အမိန့်၊ ညွှန်ကြားချက်များကိုလည်း ပြန်လည်ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းများစွမ်းဆောင်ရည် တိုးမြင့်လာစေရေးအတွက် ဥပဒေဆိုင်ရာသင်တန်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာသင်တန်းနှင့် ဘဏ္ဍာရေးဆိုင်ရာသင်တန်းများအား ဌာနတွင်းဖွင့်လှစ်ပို့ချပေးခြင်းနှင့် ပြည်ပမှခေါ်ယူသောသင်တန်းများတွင် ပါဝင်တက်ရောက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ ၅/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အတည်ပြုဆုံးဖြတ်မည့် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန်ကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ ၎င်းနောက် ၆/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးသို့ အတည်ပြုရန်တင်ပြလာသည့် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန် ကိစ္စရပ်များအား ကော်မရှင်ဥက္ကဋ္ဌ၊ အစည်းအဝေးတက်ရောက်လာသူ ကော်မရှင်အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ဆွေးနွေးခဲ့ကြပါသည်။အဆိုပါ အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ကော်မရှင်အတွင်းရေးမှူး ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
