စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက် အမှာစကားပြောကြားသည်။

ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရန်ကုန်စတော့အိပ်ချိန်းတည်ထောင်ဖွင့်လှစ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား လိုင်စင်ခွင့်ပြုခြင်း၊ စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အများပိုင်ကုမ္ပဏီများအား ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အရင်းအနှီးဈေးကွက်ကို စတင်ခဲ့ရာ ယခုအခါ (၈) နှစ်ကျော်ကာလအတွင်းသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊

ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစုရှယ်ယာဈေးကွက်သာမက ငွေချေးစာချုပ်ဆင့်ပွားဈေးကွက် (Secondary Bond Market) တွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက အစိုးရငွေတိုက်စာချုပ် (Government Bond) နှင့် အစိုးငွေတိုက်လက်မှတ် (Government Bill) များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေတိုက်ဉီးစီးဌာနတို့ကပြုလုပ်သော ပထမဈေးကွက် (Primary Market Option) တွင် လေလံဆွဲဝယ်ယူပြီး၊ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ (Individual Investors) နှင့် အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံသူများ (Institutional Investor) ကို ဝယ်ယူရောင်းချနိုင်သည့် ဒုတိယဈေးကွက် (Secondary Market) ကိုလည်းဖော်ဆောင်လျက်ရှိကြောင်း၊

အရင်းအနှီးဈေးကွက်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး အရင်းအနှီးလိုအပ်သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ပေါင်းကူးဆက်သွယ်ပေးခြင်းဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက်ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် အရင်းအနှီးဈေးကွက်မှရယူနိုင်သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏ စုဆောင်းငွေများကို အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူများရရှိလာနိုင်မည်ဖြစ်ကြောင်း၊

ထို့ပြင် ရင်းနှီးမြှုပ်နှံသူများတိုးပွားလာစေရန် ပြည်သူလူထုအတွင်း ဈေးကွက်ဆိုင်ရာအသိအမြင်၊ဗဟုသုတ၊သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်၍ ကော်မရှင်အနေဖြင့် ဈေးကွက်ဆိုင်ရာ အသိအမြင်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ကော်မရှင်သည် ဥပဒေ၊နည်းဥပဒေ၊အမိန့်ညွှန်ကြားချက်များနှင့်အညီ ဈေးကွက်ကိုနေ့စဉ်စောင့်ကြည့်ပြီး ကြပ်မတ်ကွပ်ကဲလျက်ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီအကာအကွယ်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းစသည်ဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းနှင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၅,၂၈၄) ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာစုစုပေါင်း (၁.၇၅) သန်း၊ တန်ဖိုးကျပ် (၇.၅) ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၆၄၃.၄၇ ဘီလီယံရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ