ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကော်မရှင်ကစီမံခန့်ခွဲသည့်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရသကဲ့သို့ အခြားဆက်စပ်ဥပဒေများဖြစ်သည့် ငွေရေးကြေးရေးဥပဒေများ၊ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်းလိုက်နာဆောင်ရွက်ရကြောင်း၊ နိုင်ငံတကာအရင်းအနှီးဈေးကွက်တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြသည့်နည်းလမ်းများ ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးနေမှုအခြေအနေများအား အမြဲလေ့လာသိရှိနေအောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင်ရှိသော စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ စာရင်းဝင်ကုမ္ပဏီများ၊ မှတ်ပုံတင်ကုမ္ပဏီများကိုလည်း ဥပဒေ၊နည်းဥပဒေများလိုက်နာမှုရှိ/မရှိ ကြီးကြပ်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် အများပြည်သူရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန် အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၏စာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုရှိစေရေးကိုလည်း ကြီးကြပ်စစ်ဆေးရသည့်တာဝန်ရှိကြောင်း၊ အများပြည်သူကို တရားမဝင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် မက်လုံးပေးဆွဲဆောင်နေသည်ကို နေ့စဉ်တွေ့ရှိနေရသည့်အတွက် ပြည်သူများထင်ယောင်ထင်မှားမဖြစ်စေရေး၊ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိတို့အနေနှင့်ဗဟုသုတမျှဝေရေးအစီအစဉ်ကိုလည်း Stakeholder များနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် အစိုးရကထုတ်ဝေသည့် ငွေတိုက်စာချုပ်များ၊ ငွေတိုက်လက်မှတ်များအား ဝယ်ယူရောင်းချသည့် အစိုးရငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများပြည်သူဝယ်ယူရင်းနှီးမြှုပ်နှံနိုင်ရေး အသိပညာများဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၇/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကိုနံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ