ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ၁၀:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ကျင်းပရခြင်းသည် ဝန်ထမ်းများ၏အခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ၂၀၂၅ ခုနှစ်တွင် စိတ်သစ်လူသစ်ဖြင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် မိမိတို့လုပ်ဆောင်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ ကျန်ရှိသည့်လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို တိကျမှန်ကန်စွာဆောင်ရွက်သွားကြရန်နှင့် Action Plan များ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင်လည်း အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းအချင်းချင်းတစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီဖေးမပြီး လက်တွဲလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်ရုံးအနေဖြင့် မီးဘေးလုံခြုံရေးစီမံချက်ကိုရေးဆွဲပြီးဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စီမံချက်ပါဆောင်ရွက်ရန်အချက်များကို မိမိတို့အားတာဝန်ချထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းနှင့် ရုံးသန့်ရှင်းရေးကိုလည်းအပတ်စဉ် သောကြာနေ့တိုင်း စုပေါင်းလုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) သို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်း (၅၄) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ