ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၃/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ ၃/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်(သောကြာနေ့) ၊ ၁၁:၃၀ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေး ခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံရှိကဏ္ဍပေါင်းစုံတိုးတက်လာသည့်အခါ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အနေဖြင့် အသင့်ဖြစ်ရန်လိုကြောင်း၊ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ခေတ်နှင့်အညီ ပြင်ဆင်သင့်သည့်အပိုင်းများကို ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့် အခြားသောနိုင်ငံများရှိ ကော်မရှင်များအနေဖြင့် စာရင်းဝင်ကုမ္ပဏီများအား စာရင်းစစ်ဆေးခြင်း ပြုလုပ်နိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်သည့်ဥပဒေမပါရှိသဖြင့် စာရင်းဝင်ကုမ္ပဏီ များအား စာရင်းစစ်ဆေးခြင်းပြုလုပ်၍မရပါကြောင်း၊ သို့ဖြစ်ပါ၍ စာရင်းစစ်ဆေးခြင်းကိစ္စ ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်လာသည့်အခါ အများနှင့်သက်ဆိုင်သောကုမ္ပဏီများအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များအား နိုင်ငံတကာဥပဒေများတွင် လေ့လာ၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်အချက်များကို လေ့လာသွားရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတကာဥပဒေများတွင် စာရင်းဝင်ကုမ္ပဏီများမှ ရှယ်ယာထုတ်ဝေရောင်းချသည့်အခါ လိမ်လည်ခြင်းမပြုနိုင်စေရန် ထိန်းချုပ်ထားသည့် နည်းလမ်းများရှိ/မရှိနှင့်ထည့်သွင်းနိုင်ရေးလေ့လာထားစေလိုကြောင်း၊ ကော်မရှင်၏ လက်ရှိကျင့်သုံးနေသည့်ဥပဒေများအား နိုင်ငံတကာဥပဒေများနှင့်ယှဉ်ပြီး ကွာခြားချက်များကို သုံးသပ်ရန်လိုကြောင်း၊ အထူးသဖြင့် ဥပဒေမူဘောင်ကို ပြန်လည်သုံးသပ်ပြီး နီးစပ်မှုရှိသည့်နိုင်ငံများ၏ ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများနှင့် ရှယ်ယာရှင်များအား မည်သို့ကာကွယ်ပေးသည်ကို လေ့လာရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ တင်ပြမှုအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ၁၂:၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ