ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးလစဉ် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ၁၄:၀၀ နာရီတွငကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ကျင်းပရခြင်းသည် ဝန်ထမ်းများ၏ ခံစားခွင့်အခွင့်အရေးများကို ပွင့်လင်းမြင်သာစွာတင်ပြနိုင်ရန်အတွက် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နေထိုင်သွားရန်လိုကြောင်း၊ ရုံးစာရေးသားရာတွင်လည်းတင်ပြလိုသည့် အကြောင်းအရာပေါ်လွင်စေရန် ရုံးလုပ်ငန်း လက်စွဲပါအတိုင်း ဂရုတစိုက်ရေးသားကြစေလိုကြောင်း၊ ထို့အပြင် ပြည်ပမှပညာတော်သင်များ ခေါ်ယူသည့်အခါ လျှောက်ထားစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝမ်းစာပြည့်ဝရေးလိုအပ်သည်များပြင်ဆင်ထားရန်လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပသင်တန်းများ တက်ရောက်ခြင်းကို အားပေးပါကြောင်း၊ ထိုသို့သင်တန်းများ တက်ရောက်သည့်အတွက်လည်း ဌာန၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါကြောင်း၊ ယခု ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်များတွေ့ရှိရသည့်အတွက် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအနေဖြင့် ရုံးသန့်ရှင်းရေးကို အလေးပေးဆောင်ရွက်သွားကြရန်နှင့် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် အရေးပေါ်ကာလများတွင် စာရွက်၊စာတမ်းများကိုစနစ်တကျရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြကာ အခမ်းအနားကို ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ