ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၅/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၅/၂၀၂၅ ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင် က တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ဈေးကွက်၌ ရင်းနှီးမြှုပ်နှံသူအရေအတွက် တိုးပွားလာ စေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း၊ ရန်ကုန်စတော့အိပ်ချိန်း Main Board တွင် စာရင်းဝင် ကုမ္ပဏီများနှင့် Pre Listing Board တွင် မှတ်ပုံတင်သည့် ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ အရင်းအနှီးဈေးကွက်တွင် အစုရှယ်ယာဈေးကွက်နှင့် ငွေချေးစာချုပ်ဈေးကွက်ပါဝင်သဖြင့် အစိုးရငွေချေးစာချုပ် ဈေးကွက်အပြင် ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေတွင် ခေတ်အခြေအနေနှင့် ဆီလျော်မှုမရှိတော့သည့် အချက်များအား ပြင်ဆင်ဖြည့်စွက်နေသည်ကို ကြားသိရပါကြောင်း၊ ဥပဒေအပြင် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အရင်းအနှီးဈေးကွက် ယခုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၄/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်တင်ပြမှုအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ