ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၇/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၇/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ် ၁၃:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက အရင်းအနှီးဈေးကွက်တွင် အစုရှယ်ယာဈေးကွက်နှင့် ငွေချေးစာချုပ်ဈေးကွက်ဟူ၍ရှိရာ ယခုအချိန်တွင်အစုရှယ်ယာဈေးကွက်သည် အရွေ့တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကော်ပိုရိတငွေချေးစာချုပ် ကနဦးထုတ်ဝေရောင်းချရေးဆိုင်ရာ အမိန့်ကြော်ငြာစာထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေ များအား ခေတ်ကာလနှင့်အညီ ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ဆောင်ရွက်ပြီး အခြားတစ်ဖက်တွင်လည်း ဥပဒေ၊ နည်းဥပဒေအရ ထုတ်ပြန်ထားပြီးဖြစ်သည့် အမိန့်၊ ညွှန်ကြားချက်များကို ပြန်လည်ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတိုးပွားလာစေရန်နှင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ကုမ္ပဏီတိုးပွားလာစေရန် စံသတ်မှတ်ချက်များ၌ ခေတ်စနစ်နှင့်မညီသည့်အချက်များအား ပြင်ဆင်ရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူအရေအတွက် တိုးပွားလာစေရန် ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ မှတ်ပုံတင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ကော်မရှင်သည် Issuers နှင့် Investors အကြား Regulator အဖြစ် ဆောင်ရွက်ပေးနေသည့်အတွက် ကော်မရှင်ရုံးရှိဝန်ထမ်းများအနေဖြင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများအပြင် ဒေသတွင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်တွင် ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများအား လေ့လာသိရှိထားရန်လိုကြောင်း၊ ကော်မရှင်ရုံး၏ Infrastructure ခေတ်မီဖွံ့ဖြိုးစေရန်အတွက် ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ ၆/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြရာ အတည်ပြုမှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းနောက် ၇/၂၀၂၅ ကြိမ်မြောက်အစည်းအဝေးသို့ အတည်ပြုရန်တင်ပြလာသည့်ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန်ကိစ္စရပ်များအား ကော်မရှင်ဥက္ကဋ္ဌ၊ အစည်းအဝေးတက်ရောက်လာသူ ကော်မရှင်အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၅:၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
