ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၁/၂၀၂၆ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၁/၂၀၂၆ ကော်မရှင် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ ၁၄:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) အား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အခြားတစ်ဖက်တွင်လည်း ဥပဒေ၊ နည်းဥပဒေအရ ထုတ်ပြန်ထားပြီးဖြစ်သည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုလည်း ပြန်လည်လေ့လာသုံးသပ်ကာ ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ (၈)ခု နှင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်ကုမ္ပဏီ (Pre Listing Board-PLB) (၂) ခု တို့၏ အစု ရှယ်ယာများကို နေ့စဉ်အရောင်းအဝယ် ဆောင်ရွက်လျက်ရှိပြီး၊ နောင်တွင်လည်း စာရင်းဝင်ကုမ္ပဏီ များနှင့် မှတ်ပုံတင်ကုမ္ပဏီများ တိုးပွားလာစေရေး နည်းလမ်းများရှာဖွေဆောင်ရွက်ရန် မှာကြားလို ကြောင်း၊ အရင်းအနှီးဈေးကွက်တွင် အစုရှယ်ယာဈေးကွက်နှင့် ငွေချေးစာချုပ်ဈေးကွက်ဟူ၍ပါရှိရာ ငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ပိုရိတ်ငွေချေးစာချုပ် ထုတ်ဝေရောင်းချခွင့် ပြုရေးဆိုင်ရာ အမိန့်ကြော်ငြာစာ (မူကြမ်း) အား ပြုစုရေးဆွဲတင်ပြသွားရန် မှာကြားလိုကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတိုးပွားလာစေရန်နှင့် PLB တွင် မှတ်ပုံတင်ကုမ္ပဏီ တိုးပွားလာစေရန် ၎င်းတို့အတွက်စံသတ်မှတ်ချက်များတွင် ခေတ်စနစ်နှင့် မညီကိုက်ညီတော့သည့် အချက်တွေကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်သွားနိုင်ရေး ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ ဈေးကွက်တွင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူအရေအတွက်များပြီး အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူ အရေအတွက် နည်းပါးနေသဖြင့် ရင်းနှီးမြှုပ်နှံသူအရေအတွက် တိုးပွားလာစေရန် ရန်ကုန်စတော့ အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ မှတ်ပုံတင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ ပူးပေါင်း၍ ပညာပေးအစီအစဉ်များ ကျင်းပပြုလုပ်ရန်လိုအပ်ကြောင်း၊ ဈေးကွက်အပေါ် အများပြည်သူ၏ ယုံကြည်မှုပိုမိုရရှိလာစေရန် ဈေးကွက်တွင်ပါဝင်ဆောင်ရွက်သူများအားလုံး၏ ရောင်းဝယ် ဆောင်ရွက်မှုများ၊ လွှဲပြောင်းဆောင်ရွက်ချက်များသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးသွားရန် မှာကြားလိုကြောင်း၊ မိမိဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက်လည်း လိုအပ်သည့် အထောက်အကူပြုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သွားရန် မှာကြားလိုကြောင်းပြောကြားပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ ၇/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြရာ အတည်ပြုမှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းနောက် ၁/၂၀၂၆ ကြိမ်မြောက်အစည်းအဝေးသို့ အတည်ပြုရန်တင်ပြလာသည့်ကိစ္စရပ်များနှင့် မှတ်တမ်း တင်ရန် ကိစ္စရပ်များအား ကော်မရှင်ဥက္ကဋ္ဌ၊ အစည်းအဝေးတက်ရောက်လာသူ ကော်မရှင်အဖွဲ့ဝင် များနှင့် အတွင်းရေးမှူးတို့က ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၆:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
