ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၆ ကြိမ်မြောက် ကော်မရှင် အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၆ ကော်မရှင် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၃:၃၀ အချိန်တွင် ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဟန်ဝင်းအောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ (၈) ခုနှင့် စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board-PLB) တွင် မှတ်ပုံတင်ကုမ္ပဏီ (၂)ခုတို့၏ အစုရှယ်ယာများကို နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်လျက်ရှိရာ အစုရှယ်ယာဈေးကွက် သည် အရွေ့တစ်ခုသို့ရောက်နေပြီဖြစ်ကြောင်း၊ စာရင်းဝင်ကုမ္ပဏီအများစု၏ အစုရှယ်ယာဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာပြီး စတော့ညွှန်းကိန်းမှာလည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်၌ မြင့်တက်သွားရာ အစုရှယ်ယာဈေးကွက်အပေါ် အများပြည်သူ၏ယုံကြည်မှု အနည်းငယ်ပိုမိုလာသည်ဟု သုံးသပ်ရကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတိုးပွားလာစေရန်နှင့်စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board-PLB) တွင် မှတ်ပုံတင်ကုမ္ပဏီတိုးပွားလာစေရန်အတွက် ၎င်းတို့၏စံသတ်မှတ်ချက်များ၌ ခေတ်စနစ်နှင့်မညီသည့်အချက်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဈေးကွက်တွင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူအရေအတွက်များပြီး အဖွဲ့လိုက်ရင်းနှီးမြှုပ်နှံသူအရေအတွက် နည်းပါးနေသဖြင့် ရင်းနှီးမြှုပ်နှံသူအရေအတွက်တိုးပွားလာစေရန် ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ မှတ်ပုံတင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများပူးပေါင်း၍ ပညာပေး
အစီအစဉ်များ ကျင်းပပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဈေးကွက်အပေါ် အများပြည်သူ၏ယုံကြည်မှုပိုမိုရရှိလာစေရန် ဈေးကွက်တွင်ပါဝင်ဆောင်ရွက်သူများအားလုံး၏ ရောင်းဝယ်ဆောင်ရွက်မှုများ၊ လွှဲပြောင်းဆောင်ရွက်ချက်များသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်ဖြစ်ကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် လိုအပ်သည့်သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ ၁/၂၀၂၆ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြရာ အတည်ပြုမှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းနောက် ၂/၂၀၂၆ ကြိမ်မြောက်အစည်းအဝေးသို့ အတည်ပြုရန်တင်ပြလာသည့်ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန် ကိစ္စရပ်များအား ကော်မရှင်ဥက္ကဋ္ဌ၊ အစည်းအဝေးတက်ရောက်လာသူ ကော်မရှင်အဖွဲ့ဝင် များနှင့် အတွင်းရေးမှူးတို့က ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ