ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (Pre-Listing Board-PLB) တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီဝင်ရောက်ခြင်း အခမ်းအနားကျင်းပ

အများပိုင်ကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူစုစည်းနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် မူလရှိပြီးစာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာစတော့အိတ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) ကို တည်ထောင်ထားရှိသည်။

ယခုအခါ ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (Pre-Listing Board-PLB) တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (Myanmar Agricultural and General Development Public Co.,Ltd-MAGDPL) သည် သတ်မှတ် အရည်အချင်းများပြည့်မီမှုကြောင့် ဝင်ရောက်လာပြီဖြစ်သည်။

အဆိုပါကုမ္ပဏီ ရန်ကုန်စတော့အိတ်ချိန်း၏ဒုတိယဈေးကွက် (PLB) တွင် မှတ်ပုံတင်စာရင်းဝင်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့အမှတ်၊ ၂၄-၂၆၊ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်းခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုသော်လည်း Main Board အတွက် သတ်မှတ်ထားသည့် စာရင်းဝင်စံသတ်မှတ်ချက်များ မပြည့်မီသေးသဖြင့် ဝင်ခွင့်မရသေးသောအများပိုင်ကုမ္ပဏီများအတွက် ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် Second Board အဖြစ် တည်ထောင်ထားသော အကြိုစာရင်းဝင်ဈေးကွက် (Pre-Listing Board-PLB) တွင် ဝင်ရောက်နိုင်ကြောင်း PLB တွင် အတွေ့အကြုံများရယူပြီးမှ မူလဈေးကွက် (Main Board) ကို ဝင်ရောက် စာရင်းဝင်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများပိုမိုတိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုလာမည်ဖြစ်ကြောင်း၊ ယနေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက်ဖြစ်သောအကြိုစာရင်းဝင်ဈေးကွက် (Pre-Listing Board-PLB) တွင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (Myanmar Agricultural and General Development Public Co.,Ltd-MAGDPL) အား ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် စတင်လက်ခံသည့်အထိမ်းအမှတ်အခမ်းအနားနှင့်အတူ အစုရှယ်ယာများကိုပထမဆုံးစတင်အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်စတော့အိတ်ချိန်း၏ ဒါရိုက်တာဒေါ်ဖြူဖြူဌေးက PLB တွင် မှတ်ပုံတင်စာရင်းဝင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ပြောကြားကာ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်ကကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်စတော့အိတ်ချိန်းက မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်သို့မှတ်ပုံတင်စာရင်းဝင် အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ပြီး မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် ရန်ကုန်စတော့အိတ်ချိန်းဒါရိုက်တာ ဒေါ်ဖြူဖြူဌေးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးကြည်ဇင်ထွန်း ရန်ကုန်စတော့အိတ်ချိန်းဒါရိုက်တာ ဒေါ်ဖြူဖြူဌေး မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမောင်မောင်အေးတို့က ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံတင်စာရင်းဝင်ခြင်းအထိမ်းအမှတ် အောင်ဇေယျတုခေါင်းလောင်းကို တီးခတ်ခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ