ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board – PLB) တွင် ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဝင်ရောက်ခြင်းနှင့် အစုရှယ်ယာစတင်ရောင်းဝယ်ခြင်းအခမ်းအနားကျင်းပ
ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board – PLB) တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် G.B.S Agricultural Services Public Company Limited မှတ်ပုံတင်ကုမ္ပဏီအဖြစ်ဝင်ရောက်ခြင်းနှင့် အစုရှယ်ယာများစတင်ရောင်းဝယ်ခြင်း အခမ်းအနားကို (၁၇-၁၂-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်စတော့အိပ်ချိန်း ပင်မခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိပ်ချိန်း မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ G.B.S Agricultural Services Public Company Limited မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အစုရှယ်ယာများစတင်ရောင်းဝယ်ချိန် နံနက် ၁၀:၀၀ နာရီတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်စတော့အိပ်ချိန်း မန်နေဂျင်းဒါရိုက်တာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ ဂျီပီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးစိုးလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင်နှင့် ဒါရိုက်တာ ဦးလှဦး တို့က စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာများမှတ်ပုံတင်ခြင်းအထိမ်းအမှတ်အဖြစ် အောင်ဇေယျတုခေါင်းလောင်းအား (၃)ကြိမ်စီ တီးခတ်ကာ ဈေးကွက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဂျီပီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို စာရင်းဝင်အကြိုဈေးကွက်(PLB)တွင် မှတ်ပုံတင်ခြင်းအတွက် အသိအမှတ်ပြုလက်မှတ်ပေးအပ်၍ အမှတ်တရဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
