(၆/၂၀၂၃) ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်ကို ထိန်းကျောင်းရမည်ဖြစ်သလို စာရင်းဝင်၊ အကြိုစာရင်းဝင်နှင့် အစုရှယ်ယာဈေးကွက်များတိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ Bond Market နှင့် Securities Market ကို စံသတ်မှတ်ချက် (Criteria) နှင့်အညီ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်လိုသောကုမ္ပဏီများမှ တင်ပြလာသည့်အလားအလာညွှန်းတမ်းများကို သေချာစိစစ်ရန်နှင့် ကုမ္ပဏီ၏ပကတိအခြေအနေ၊ သတင်းအချက်အလက်များကိုကော်မရှင်မှ သေချာသိရှိရန်လိုကြောင်း၊ အစီရင်ခံစာတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် အစီရင်ခံစာများကိုကော်မရှင်သို့ပုံမှန်တင်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ (Investors) ကို အကာအကွယ်ပေးရေးမှာ ကော်မရှင်၏လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့်အပြင် Capacity Building အနေဖြင့် ကော်မရှင်ရုံးဝန်ထမ်းများအတွက် ပြည်တွင်း၊ပြည်ပ Training များပေးခြင်း၊ ဆွေးနွေးပွဲများကျင်းပပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုမွန်းလွဲ ၃:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။